လည်ချောင်းနာတာ သက်သာစေဖို့
ပူနွေးစိုစွတ်ပြီး ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ ပေါက်ဖွားလွယ်တဲ့ အအေးမိ၊ တုပ်ကွေးရာသီကို ရောက်လာပြီမို့ လည်ချောင်းနာတာကိုလည်း မေ့ထားလို့ မရပါဘူး။ အအေးမိ၊ တုပ်ကွေး ဖြစ်တဲ့အခါ ကိုယ်ပူ၊ ချောင်းဆိုး၊ နှာရည်ယိုနှာခေါင်းပိတ်၊ ခေါင်းကိုက်တာတွေနဲ့အတူ လည်ချောင်းနာတာကလည်း ရောဂါလက္ခဏာ တစ်ခုအနေနဲ့ ပါဝင်တတ်တယ် မဟုတ်ပါလား။
အအေးမိ၊ တုပ်ကွေးကြောင့်အပြင် ဆေးလိပ်အသောက်များတာ၊ ခြောက်သွေ့တဲ့ လေတွေကို ရှူရတာ၊ ရေဓာတ်ခန်းခြောက်တာနဲ့ GERD လို့ခေါ်တဲ့ စားချင့်ပြန်ရောဂါတွေကြောင့်လည်း လည်ချောင်းနာနိုင်ပါတယ်။
လည်ချောင်းနာခဲ့ရင် သက်သာဖို့ ဘာတွေလုပ်သင့်လဲ?
(1) အရည်များများ သောက်ပါ
ရေနဲ့ အရည်တွေက အသက်ရှူလမ်းကြောင်းတစ်လျှောက်ကို ရေဓာတ်ဖြည့်ပေးပြီး ခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် ပျစ်ခဲနေတဲ့ ချွဲသလိပ်တွေကို ပျော်စေပြီး ဟပ်ထုတ်ရလွယ်စေပါတယ်။ ဒါကြောင့် ရေ၊ သစ်သီးဖျော်ရည်၊ စွပ်ပြုတ်ရည်၊ ရေနွေးကြမ်းတွေ များများသောက်ပေးပါ။
(2) အာဟာရဖြစ်အောင်စားပါ
ပရိုးတင်းဖြစ်တဲ့ အသားနဲ့ပဲတွေ၊ Antioxidants နဲ့ ဗီတာမင်တွေ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ များများစားတာက ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ကူညီပေးပါတယ်။ နနွင်း၊ ဂျင်း၊ ပျားရည်တွေ များများစားပေးပါ။
(3) အိမ်မှာပဲနေပြီး အနားယူပါ
အိမ်မှာပဲ နေပြီး အနားယူတာက ရောဂါသက်သာဖို့ အထောက်အကူ ဖြစ်သလို ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကြောင့် လည်ချောင်းနာတာ ဆိုရင် တခြားသူတွေကို မကူးစက်အောင်လည်း ကာကွယ်ပေးပါတယ်။ မိသားစုဝင်တွေနဲ့လည်း နီးနီးကပ်ကပ် မနေဘဲ သီးခြားနေသင့်ပါတယ်။
(4) အကိုက်အခဲပျောက်ဆေး သောက်ပါ
အလွယ်ကူဆုံး အနေနဲ့ ပါရာစီတမောလ်ကို သောက်နိုင်ပါတယ်။ ပါရာစီတမောလ်ဟာ ဆရာဝန်ညွှန်ကြားချက် မလိုဘဲသောက်နိုင်သလို အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်မှုလည်း မရှိတဲ့ဆေးပါ။ ပါရာစီတမောလ်နဲ့ မသက်သာရင် Ibuprofen နဲ့ Diclofenac လို အကိုက်အခဲပျောက်ဆေးတွေကို သောက်နိုင်ပါတယ်။ အစာနဲ့တွဲသောက်ဖို့တော့ ဂရုပြုရပါမယ်။
(5) ဆားရည်နဲ့ ပလုတ်ကျင်းပေးပါ
ဆားလက်ဖက်စားဇွန်းတစ်ဝက်ခန့်ကို ရေနွေးနွေးလေး တစ်ဖန်ခွက်နဲ့ ဖျော်ပြီး မကြာခဏ ပလုတ်ကျင်းပေးတာက ချွဲသလိပ်တွေ ရှင်းစေပြီး လည်ချောင်းနာတာကို သက်သာစေပါတယ်။
(6) ငုံဆေး ငုံပါ
ငုံဆေးတွေ ငုံတာက ရောင်ရမ်းတာတွေ လျော့ကျစေသလို လည်ချောင်းနာတာကိုလည်း သက်သာစေပါတယ်။
(7) အစိုထိန်းစက် (Humidifier) အသုံးပြုပါ
အခန်းတွင်းလေထုက ခြောက်သွေ့နေတဲ့အခါ နှာခေါင်းပိတ်တာနဲ့ လည်ချောင်းယားယံတာကို ပိုဆိုးစေတာမို့ Humidifier သုံးပြီး လေထုရဲ့ အစိုဓာတ်ကို ထိန်းပေးဖို့ လိုအပ်နိုင်ပါတယ်။ ရေနွေးငွေ့ရှူတာကလည်း အသက်ရှူလမ်းကြောင်း ခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။
လည်ချောင်းနာတာက အတော်ခံရခက်တဲ့ ဝေဒနာတစ်ခုပါပဲ။ အအေးမိတုပ်ကွေးကြောင့် ဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့် ဖြစ်ဖြစ် ဘာကြောင့် လည်ချောင်းနာနာ အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်